သူငယ်ချင်းများသို.

ဒီsite က ကျွန်တော်ရဲ. ဒုတိယမြောက်ခြေလှမ်းပါ www.uofclub.ning.com ကနေ ပြောင်းရွေ.လာခဲ့တာဖြစ်ပါတယ် ၀ါသနာအရ အခက်အခဲအမျိုးအမျိုးကြားထဲက လုပ်ဖြစ်ခဲ့တာပါ သစ်တောကျောင်းသားဘ၀ခံစားချက်လေးတွေပါမယ် ပြီးတော့ Environmental ဆောင်းပါးတွေ လူငယ်ဆန်တဲ့ ခံစားချက်တွေရေးပါမယ် ရံဖန်ရံခါ နည်းပညာလေးတွေကိုရောပေါ့ဗျာ အချိန်ကုန်ခံပြီးလာဖတ်ကြမယ့် သူငယ်ချင်းတွေကို တစ်ခုခုတော့ အကျိုးအမြတ်ရရှိအောင်ကြိုးစားပါ့မယ် ဆက်သွယ်လိုတယ် အကြံပေးလိုတယ်ဆိုရင်တော့.....atta3000@gmail.comကို အကြံဥာဏ်ပေးပို.နိုင်ပါတယ်ဗျာ

ဥာဏ်ပညာဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း

|




ဒီဆောင်းပါးလေးဟာ ကျွန်တော်တို.ရဲ. Ning ဆိုဒ်တုန်းက တင်ပြခဲ့တဲ့ ဆောင်းပါးလေးပါ ကျွန်တော့် ကိုယ်ပိုင်ဆိုဒ်အဖြစ်ခွဲထွက်တဲ့အချိန်မှာလည်း တင်ပြပေးချင်နေသေးတာမို. Share လုပ်ပေးလိုက်ပါတယ်

(Weekly Eleven, No.49-vol.3, 24 Sep 2008 ပါဆောင်းပါးကို ကူးယူဖေါ်ပြပါသည်။)

“တောင်လည်းသာမော

တောလည်းသာထွေ

ရေလည်းသာလှ

ဖြူလွသောင်ပြင်

ငှက်ပေါင်းယှဉ်လျက် …”

ဆည်သည်ရွာစား ဦးအောင်ကြီး (၁၆၆၈ ခန့် – ၁၇၈၂ ခန့်)

၁၈ ရာစု ဆန်းစက ကမ္ဘာမြေရဲ့ပုံရိပ်တစ်ခုကို မြန်မာကဗျာဆရာတစ်ဦးက နှလုံးသားဖြင့် မှတ်တမ်း တင်ထားခဲ့ခြင်းပါ။ အဲဒီတုန်းက ကမ္ဘာမှာ စက်မှုဖွံ့ဖြိုးမှုကလည်း ခုလို ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး။ လူဦးရေကလည်း ကျဲပါးသေးသည်။ သဘာဝပတ်ဝန်းကျင်ကြီး တစ်ခုလုံးသည် လူတွေကြောင့် မပျက်စီး၊ မထိခိုက်သေး။ တောင်ဟူသမျှသည် သာယာလွမ်းမောဖွယ်အတိ။ တောဟူသမျှသည်လည်း အထူးထူး၊ အထွေထွေသော သာယာတင့်တယ်မှုများ အပြည့်။ မြစ်၊ ချောင်း၊ အင်း၊ အိုင် ဟူသမျှသည်လည်း လှပမှုအပေါင်း သရဖူဆောင်းလျက် ရှိခဲ့ပေလိမ့်မည်။ ဤတော၊ ဤရေ၊ ဤမြေတို့သည် ရာသီစုံပန်းကလေးများဖြင့် လှပသင်းကြူ နေခဲ့လိမ့်မည်။ မြူးတူးနေသည့် သဘာဝသားရဲပေါင်းစုံတို့သည် ရာသီစုံပန်းကလေးများဖြင့် လှပသင်းကြူနေခဲ့လိမ့်မည်။ မြူးတူးနေသည့် ကျေးငှက်ပေါင်းစုံ၊ သားရဲပေါင်းစုံတို့ဖြင့် ချောက်ချားဖွယ် လှပနေခဲ့လိမ့်မည်။ ဘယ်ကြည့်ကြည့်၊ ဘာမြင်မြင် ရှင်းနေ၊ သန့်နေ၊ လှနေ ခဲ့လိမ့်မည်။

အန္တရာယ်ကြုံနေရသောကမ္ဘာ

၂၁ရာစု ဆန်းစကာလတွင် ကမ္ဘာကြီးကို “အန္တရာယ်ကြုံနေရသောကမ္ဘာ” (Endangered Earth) ဟုခေါ်ဆိုနေကြပြီ။ မိမိတို့၏ လက်ရှိ လူ့အဖွဲ့အစည်းသည် မရည်ရွယ်ဘဲ သဘာဝပတ်ဝန်းကျင် ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်ပေါ်စေသည့် လမ်းမပေါ် ဦးတည်နေမိပြီ။ စီမံကိန်း ရည်ရွယ်ချက်နှင့် စနစ်တကျ ဖန်တီးထားသည့် လူ့အဖွဲ့အစည်းတွင် ထို ရည်ရွယ်ချက်များ အောင်မြင်အောင် ဆောင်ရွက်သည့်အခါ သဘာဝသယံဇာတ အရင်းအမြစ်များ ပြုန်းတီးမှုများ၊ သဘာဝ ပတ်ဝန်းကျင် အရည်အသွေး ကျဆင်းမှုများ၊ အမှိုက်မဆင်မခြင် စွန့်ပစ်မှုများကြောင့် ဇီဝထုစနစ် ထိခိုက်စေခြင်းများကို မည်သို့မျှ မရှောင်တိမ်းနိုင်ကြပါ။ ခုတော့ သဘာဝ ပတ်ဝန်းကျင် ပြဿနာများက လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေကြပြီ။

သဘာဝပတ်ဝန်းကျင် ပညာရေး


၁၉၉၈ခုနှစ် ဆောင်းဦးပေါက် နေ့ရက်များကို သတိရမိသည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်၊ မန္တလေးဆောင်တွင် ဘူမိဗေဒမဟာသိပ္ပံတန်းများအား ဆရာကြီး ဒေါက်တာဦးသိန်းက ပို့ချခဲ့သော ‘သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘူမိဗေဒ’ ဘာသာရပ်ကို အလွတ်သဘော လိုက်တက်ခဲ့သည်။ ဆရာကြီးက ပါမောက္ခဘ၀ဖြင့် အငြိမ်းစားယူပြီးသည့်တိုင် ပညာပေးဝေခြင်းကိုမူ ဆက်လက်ဆောင်ရွက်နေခဲ့သည်။ ထို့ပြင် ဆရာကြီးသည် အသစ်ပြန်လည်ပြဌာန်းမည့် ‘အလယ်တန်းဆင့် အထွေထွေသိပ္ပံဘာသာရပ်’ အတွက် ‘ကမ္ဘာမြေကြီးနှင့် အာကာသ’ ဟူသော အခန်းတွင် ‘မြေကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး’ အပိုင်းကို တာဝန်ယူပြုစုနေချိန် ဖြစ်သည်။ ဆရာကြီး၏လက်ရေးမူ၊ စာမူကြမ်းတချို့ကို ဖတ်ပေးရင်း တစ်နေ့တွင် တောင်ငူဆောင်ရှိ မြန်မာစာဌာနသို့ သွားရောက်ရန် အကြောင်းပေါ်လာပါသည်။ ဆရာကြီးက ရေမြေတောတောင် သဘာဝ၏အရေးပါပုံကို ဖေါ်ပြရန် ‘ဆည်သည်ရွာစား ဦးအောင်ကြီး၏ ဦးအောင်ကြီးနှင့်ပတ်သက်သော အချက်အလက်များ တိကျခိုင်မာမှုရှိစေရန် မြန်မာစာပါမောက္ခ ဦးခင်အေးထံ မိမိအား လွှတ်ခဲ့ပုံများကို ပြန်သတိရနေမိသည်။

အခုတော့ ဆရာကြီးပြုစုခဲ့သော စာများကို အလယ်တန်းဆင့် ကျောင်းသားလူငယ်များ လေ့လာဆည်းပူနေကြတာ ဆယ်စုနှစ်တစ်ခု နီးပါး ရှိနေပြီ။ အဲဒီက အစပြုခဲ့သော ‘သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး’ (Environmental Study) အမည်ရှိ ဘွဲ့၊ ဒီဂရီတစ်ခုကိုလည်း ရန်ကုန်တက္ကသိုလ်မှာ ပေးနေပြီ။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နွယ်သော PhD, M.Res များကိုလည်း မွေးထုတ်နိုင်ခဲ့ကြပြီ။

ဥာဏ်ပညာအခြေပြု လူ့အဖွဲ့အစည်း


တကယ်တော့ ‘သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး’ သည် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ‘မြေကမ္ဘာဆိုင်ရာ ဥာဏ်ပညာအခြေပြု လူ့အဖွဲ့အစည်း (Earth Wisdom Society) ဖြစ်ထွန်းစေရေး၏ အခြေခံအုတ်မြစ်ပင် ဖြစ်ပါသည်။ မိမိတို့သည် မြေကမ္ဘာဆိုင်ရာ သိမှတ်ဖွယ်ရာများကို စဉ်ဆက်မပြတ် သင်ယူလေ့လာရုံနှင့်သာ ရပ်တန့်မနေဘဲ ဥာဏ်ပညာ၊ ခံစားမှုတို့ ပေါင်းစပ်၍ ကမ္ဘာမြေကို စောင့်ရှောက်ကြရန် အချိန်ရောက်နေပြီ။

မိမိတို့သည် ကမ္ဘာမြေ၏ ကျေးဇူးကြီးမားပုံကို သိဖို့လိုအပ်သလို သဘာဝတရားကြီး၏ ဖြစ်ပျက်ပြောင်းလဲမှုများ ရင်ဆိုင်နေရသော သဘာဝ ပတ်ဝန်းကျင် ပြဿနာများ၊ ၄င်း ပြဿနာဖြစ်ရခြင်း၏ အကြောင်းရင်းများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ ကမ္ဘာမြေဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်များကိုလည်း သီလစောင့်ထိန်းသကဲ့သို့ စောင့်ထိန်းရန် လိုအပ်နေပါပြီ။

ယဉ်ကျေးမှုအပြောင်းအလဲ

သဘာဝပတ်ဝန်းကျင် ပညာရှင်များက စက်မှုဖွံ့ဖြိုးသည့် လူ့အဖွဲ့အစည်းမှ ‘မြေကမ္ဘာဆိုင်ရာ ဥာဏ်ပညာအခြေပြု လူ့အဖွဲ့အစည်း’ သို့ တကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲဖို့ လိုအပ်နေပြီဟု ယုံကြည်ထားကြသည်။ မိမိတို့၏ ကမ္ဘာမြေ အပေါ်သဘောထားများ၊ တန်ဖိုးထားမှုများကို ပြောင်းလဲပစ်ရန် ‘ယဉ်ကျေးမှု ပြောင်းလဲခြင်း အသစ်တရပ်’ လိုအပ်နေပြီဟု ဆိုသည်။

မိမိတို့သည် ညစ်ညမ်းမှုများ ပပျောက်အောင် ဆောင်ရွက်နေကြသည်။ ဒါက သမားရိုးကျအတွေး၊ သမားရိုးကျလုပ်ဆောင်မှု သာဖြစ်သည်။ တကယ်လုပ်ရမည်က ညစ်ညမ်းမှုများ နောက်ထပ်မဖြစ်ပေါ်အောင် ဘယ်လိုတားဆီးရမလဲဟူသော ကြိုးပမ်းမှုဖြစ်သည်။ မိမိတို့သည် အမှိုက်များကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ကြသည်။ ဒါကလုပ်ရိုးလုပ်စဉ် ဖြစ်သည်။ ၄င်းမှတစ်ဆင့် အမှိုက်ပမာဏ လျှော့ချရေး၊ အမှိုက်ဖြစ်ပေါ်မှု တားဆီးရေးအား ဘယ်လိုဆောင်ရွက်ရမလဲ ဟူသော ကြိုးပမ်းမှု လိုအပ်သည်။ မိမိတို့သည် မျိုးစိတ်များ ကာကွယ်ရေး ဆောင်ရွက်နေကြသည်။ မျိုးစိတ်များ မှီတင်းနေထိုင်ရာ ဘုံဗိမာန်များ မပျောက်ပျက်ရေး ဘယ်လို အလေးပေးဆောင်ရွက်ရမလဲ ဟူသော ကြိုးပမ်းမှု လိုအပ်သေးသည်။ ရှိသေးသည်။ မြေကမ္ဘာကို ဦးစားပေးသော နိုင်ငံရေး၊ စီးပွားရေးစနစ်များ အသုံးပြုဖြစ်အောင် အားပေးရမည်။ မြေကမ္ဘာကို ထိခိုက်စေမည့် စီးပွားရေးလုပ်ငန်းများကို အားမပေးရပါ။ ဒါတွေက ‘မြေကမ္ဘာဆိုင်ရာ ဥာဏ်ပညာအခြေပြု လူ့အဖွဲ့အစည်း’ သဘောတရားတချို့ ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်နှင့် ကိုယ်ကျင့်တရား


မိမိသည် ‘တောင်လည်းသာမော’ ကဗျာလေးမှ အစပြုကာ ‘မြေကမ္ဘာဆိုင်ရာ ဥာဏ်ပညာအခြေပြု လူ့အဖွဲ့အစည်း’ ဖြစ်ထွန်းရေးကို အတွေးပွားနေမိခြင်းဖြစ်သည်။ မိမိတို့သည် မြေကမ္ဘာဆိုင်ရာ အသိပညာများကို သင်ယူလေ့လာရင်း မိခင်ကမ္ဘာမြေကို ဥာဏ်ပညာဖြင့်၊ နှလုံးသားဖြင့် ကာကွယ်စောင့်ရှောက်ကြရမည့် အချိန်ရောက်နေပြီ။ ရောက်နေပါပြီ။

Ref: Do We Need to Make a New Cultural Change? By GT Miller (1998)

0 comments: